Wednesday, 8 February 2012

“ ကိုယ်တိုင်ခေါင်းစဉ် ဖြည့်ရန် ”

ပြီးခဲ့သောနေ့-01.02.2012 မီဒီယာများ၌ မြန်မာသတင်းတစ်ခုနှင့်ပတ်သတ်၍ စိတ်မကောင်း စရာအဖြစ် တွေးနေမိသလို မြန်မာနိုင်ငံသမ္မတသည်  မြန်မာများအတွက်  ရယ်မောစရာဟာသအဖြစ် စကာင်္ပူတွင် တင်ဆက်သွားခဲ့ပါသည်။
          အဖြစ်အပျက်များသည် လက်လက်ဆတ်ဆတ်ရှိနေသောကြောင့် အတွေးထဲတွင် လင်းလက်လွန်း အားကြီးနေပါသည်၊  စင်္ကာပူတွင် ဒုတိယအမျိုးသမီးငယ်တစ်ဦး တိုက်ပေါ်မှ ခုန်ချသေအပြီး (နိုင်ငံရေးအရ ကြည့်လျှင် တဏှာရူးပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်း ဖြစ်ဖွယ် ရှိပါသည်) တတိယအမျိုးသမီးငယ်တစ်ဦး အဝေးပြေးကားလမ်းမအမြင့်ပေါ်မှ ခုန်ချ၍သေ ကြောင်းကြံခဲ့သည်မှာ ကာလအားဖြင့် မကြာလှသေးပေ။
          စကာင်္ပူကိုတည်ထောင်ခဲ့သည့် (အင်္ဂလန်ဝန်ကြီးချုပ်မာကရက်သက်ချာကိုပင် သူကဲ့သို့ စာတော် သူမဟုတ်ဟု ကြွေးကြော်ခဲ့သည့်) လီကွမ်ယူသည် နိုင်ငံတည်ထောင်ခါစကာလ ၌ နှစ် နှစ်ဆယ်အတွင်း မြန်မာကိုမှီအောင်လုပ်မည်ဟု အတိအလင်းကြေငြာခဲ့သူဖြစ်သည်။ ယခု စကာင်္ပူသက်တမ်းသည် ၄၆နှစ်ပတ်လည်ပြီးဖြစ်ရာ ၁၉၆၆နှစ်ဝန်းကျင်တွင် ထိုကဲ့သို့ ကြေငြာ ခဲ့ခြင်း ဖြစ်ပါသည်။ ထိုစဉ်က ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာပြည်သားတစ်ဦးဖြစ်သည့် ဦးသန့်သည် အထွေထွေအတွင်းရေးမှူးချုပ်(တတိယမြောက်)တာဝန်ကို ထမ်းဆောင်နေသော အချိန် ဖြစ်သည်။ ဤပြယုဂ်သည် မြန်မာပြည်အနေဖြင့် နိုင်ငံတကာနယ်ပယ်တွင်ဝင်ဆန့်နိုင်မှု ကို ဖော်ညွှန်းသော နောက်ခံအခြေအနေဖြစ်ပါသည်။ မြန်မာပြည်တွင်မူ ဦးနေ၀င်း အာဏာရယူ- သို့မဟုတ် လုယူထားချိန်လည်း ဖြစ်သည်။
          ယခုမျက်မှောက်ခေတ်ကာလ၌ မည်ကဲ့သို့ပြောင်းလဲသွားပါသနည်း အိုမြန်မာ၊ အဘယ် ကဲ့သို့သောသူသည်  မေးခဲ့သည်ရှိသော် မည်သို့သောအဖြေများရသည်ဖြစ်စေကာမူ မည်သူ၌ တာဝန်ရှိသနည်းဆိုသည် မေးခွန်းကိုလည်း သိခွင့်ရထိုက်သည့် အချိန်ဖြစ်ပါသည်။ ၄င်းအဖြေ ကို ဖြစ်စဉ်တစ်ခုဖြင့် နှိုင်းယှဉ်ကြည့်လျှင် ကားလမ်းမအမြင့်ကြီးပေါ်မှ ကိုယ့်ကိုကိုယ်သေကြောင်းကြံခဲ့သော မြန်မာအမျိုးသမီးငယ်ကို သူရဲကောင်းအဖြစ်ဖြင့်ပင် ဂုဏ်ပြုထိုက်သည်ဟု ထင်မြင်လာမိတော့သည်။ မီဒီယာများမှပေးခဲ့သော ယင်းသတင်းရင်းမြစ်တွင် ခက်ခဲလွန်းအားကြီးပြီး သူမအနေဖြင့်ဖြေရှင်းမနိုင်တော့သည့် ရင်ဆိုင်အခက်အခဲကြောင့်ဟု ဆိုပါသည်။ ထို့ကြောင့်ပင် သူမအနေဖြင့် သေကြောင်းကြံစည်ကာ သူမဘာသာဖြေရှင်းခြင်း ဖြစ်နိုင်သည်ကို သူမကဲ့သို့ ဤနိုင်ငံ၌ ကျွန်ဖြစ်နေကြရသောမြန်မာများသည် ခံစားသိရော ဆင်ခြင်သိနှင့်ပါ သဘောပေါက်မိကြမည်မှာ အမှန်ပင်ဖြစ်ပါသည်။
          ယမန်နေ့(01.02.2012)တွင် မြန်မာသမ္မတဦးသိန်းစိန်သည် နှစ်လေးဆယ့်ငါးနှစ် အတွင်း၌ မြန်မာနိုင်ငံကိုသာမက အာရှနိုင်ငံများကိုပါ ဖြတ်ကျော်တက်လှမ်းနိုင်ခဲ့ပြီဖြစ်သော စကာင်္ပူနိုင်ငံငယ်တွင် နှစ်ငါးဆယ်ကျော်လာပြီးသည့်တိုင် မြန်မာစစ်အစိုးရများများ မဖြေရှင်း နိုင်ခဲ့သော မြန်မာနိုင်ငံ၏ဖွံ့ဖြိုးရေးခေါင်းစဉ်အတော်များများ သို့မဟုတ်- အခက်အခဲများများကို ကူညီဖြေရှင်းပေးပါရန် (၀န်ကြီးချုပ်(စကာင်္ပူ)ထံတွင် သမ္မတ(မြန်မာ)ဆိုသူ ဦးသိန်းစိန်သည်) နားလည်မှုစာချွန်လွှာများ ရေးထိုးကြသည်ဟု မီဒီယာများတွင်ဖော်ပြခဲ့ပြီး ဖြစ်သည်။ မြန်မာသည် ထိုကဲ့သို့ နိုင်ငံ၏အကြီးအကဲအဖြစ် ခံယူ-ရယူထားပါသည့် ပုဂ္ဂိုလ်ကိုယ်တိုင် နိုင်ငံရပ်ခြားသို့ မိသားစုနှင့်တပါတည်းသွားရောက်၍ အကူအညီတောင်းခံနေရပါသည် အိုမြန်မာ။
          အရှက်မရှိလိုက်သည့် ဖြစ်ခြင်း။ အာဏာကို ဘယ်လိုယူရမလဲ၊ အာဏာကို ဘယ်လို ကြာရှည်အောင် ထိန်းထားရမလဲ၊ အာဏာဖြင့် လူထုကို ဘယ်လိုကြောက်ရွံ့အောင် ဘယ်လို နှိပ်စက်ပြီး ဘယ်လိုအာဏာပြရမလဲ - - - လဲ ပေါင်းများစွာတို့ကို မည်သည့်နိုင်ငံထံတွင် မှ မြန်မာစစ်အာဏာရှင်များများသည် ယခုကဲ့သို့ အကူအညီတောင်းခံခဲ့ခြင်းမျိုးကို အတိတ် မီဒီယာများတွင် ဖော်ပြထားခြင်း မတွေ့ဘူးသေးချေ။ ဒုတိယကမ္ဘာစစ်ကြီးပြီးသောအခါ စစ်ရှုံး-စစ်ဒဏ်မွမွနှင့် ကြေပျက်ခဲ့ရသော အာရှမှ ဂျပန်နိုင်ငံ၊ နိုင်ငံတော်ပြန်လည်တည်ဆောက်ရေး အတွက် အဘယ်နိုင်ငံများသို့သွားရောက်၍ အကူအညီတောင်းခံခဲ့ဘူးပါသနည်း။ ယခုကား ရှက်ဖွယ်အတိပါ အိုမြန်မာ။
          မန္တလေးတောင်ခြေအနီးမှ ဆီဘမ်းနီဆရာတော်သည်(အင်္ဂလိပ်ခေတ်) သူ့ကျွန်ဘ၀ ရောက်နေသော မြန်မာပြည်သူလူထုကို ကိုယ်စားပြု၍ ရေးသားခဲ့သော ဆုံးမစာကဗျာတစ်ခုကို အောင်းမေ့မိပါသည်။ (ကဗျာတစ်ပုဒ်လုံးကို လက်တမ်းမရွတ်ဆိုနိုင်တော့ပါ - နားလည်ပေးပါ ရန် မေတ္တာရပ်ခံပါသည်။) ထိုဆုံးမစာ၏ဆိုလိုရင်းမှာ သူ့ကျွန်ဘ၀တွင်နေရခြင်းထက် သေရ သည်က မြင့်မြတ်သေးသည်- ဟု ဖြစ်ပါသည်။ ထိုအချိန်သည် အင်္ဂလိပ်လက်အောက်၌ မြန်မာတပြည်လုံး သူ့ကျွန်ဘ၀ရောက်နေရချိန်ဖြစ်သကဲ့သို့ ယနေ့မြန်မာများသည်လည်း နိုင်ငံ အတော်များများသို့ ကျွန်အဖြစ် ရောက်နေကြသည်-ဟု ဆိုရမည်ဖြစ်သည်။ အကြောင်းမှာ မြန်မာစစ်အစိုးရများသည် လူထုအစိုးရမဟုတ်သည့်အတွက် နိုင်ငံတကာတွင်တန်းတူရည်တူ အဆင့်မရှိ (ပမာအားဖြင့် အမေရိကန်သည် မြန်မာနိုင်ငံစစ်အစိုးရများလက်ထက်တွင် ၄င်းနိုင်ငံ ၏ သံအမတ်ကြီးအဆင့်ရှိသော သံတမန်အားခန့်အပ်ထားခြင်းမရှိချေ)သောကြောင့် “နိုင်ငံ ရေးသြဇာ” လုံးဝမရှိရှာချေပါတကား။ ဓနအင်အား-ပညာရေးအပါအ၀င် ဆင်းရဲပြီး နိုင်ငံရေး သြဇာလုံးဝမရှိရှာသော မြန်မာပြည်မှနိုင်ငံသားများမှာ ပညာရပ်ဖြင့်ဖြစ်စေ ကာယအားဖြင့်ဖြစ် စေ နိုင်ငံရပ်ခြားတွင်သွားရောက် လုပ်ကိုင်ရသောအခါ (အမျိုးသား/သမီး ကာယလုပ်သားများ သည် အများစုဖြစ်ပါသည်- အဘယ်ကြောင့် စစ်အစိုးရလက်ထက်တွင် များပြားလာရပါသ နည်း) တခြားသောနိုင်ငံသား များနှင့်ယှဉ်လျှင် အခွင့်အရေးနည်းပါးပြီး ရသေ့စိတ်ဖြေနည်းဖြင့် လုပ်ကိုင်ကြရသည်မှာ ကိုယ်တွေ့ဖြစ်ရပ်များဖြစ်သည်။ ထိုကဲ့သို့ တန်းတူအခွင့်အရေးမရရှိ သော်လည်း ရသည့်အခွင့်အလမ်းမျှဖြင့် ကျေနပ်နေရသောဘ၀များသည် ခေတ်သစ်ကျွန်ဘ၀ များပင် ဖြစ်ပါတော့သည်။
          အခက်အခဲများစွာအတွက် စကာင်္ပူတွင် သေကြောင်းကြံစည်ကာ အဆုံးစီရင်နည်းကို ရွေးချယ်ခဲ့သော တတိယမြောက်မြန်မာအမျိုးသမီးသည် နိုင်ငံတော်သမ္မတထက် အရှက်ကြီး သူလား - သို့မဟုတ် ဆီဘမ်းနီဆရာတော်၏အဆုံးအမကို အသက်နှင့်လဲလှယ်ပြီး လိုက်နာ သည်လား . . . ကိုယ်တိုင်သည်လည်း ကျွန်ဘ၀ရောက်နေရသည်- ဘယ်အပိုင်း ဘယ်အခန်း ဘယ်သူမှန်သနည်းဆိုသည်ကို စဉ်းစားရင်းဖြင့် ရှက်, ရှက်, ရှက်စိတ်များဖြစ်လာရသည်မှာ ယခုမှ ခံစားနေရသည် မဟုတ်ပေ။ အကြောင်းပြချက်တစ်ခု ပေးပါမည် -
         

“မြန်မာသမ္မတဆိုသူတောင် စကာင်္ပူရောက်လာပြီး အကူအညီတောင်းခံသည်”
ဆိုမှဖြင့်-  ဟ ဟာ ဟား
သို့မဟုတ်-  ဟ ဟ ဟား
နေပါဦး-  ဟား ဟား ဟ !
အကောင်းမြင်တာလားးးးး    အမြင်ကောင်းတာလားးးးး အိုမြန်မာ။

02-02-2012 Pm 2:22

No comments:

Post a Comment