Sunday, 12 February 2012

“မြန်မာပြည်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု”


- ထားဝယ်စက်မှုဇုံကိစ္စကတော့ ဆက်လုပ်မှာသေချာသလောက် ဖြစ်နေပြီ။ ထားဝယ်စက်မှုဇုံမှာ တည်ဆောက်မယ့် စက်ရုံတွေထဲမှာ ကျောက်မီးသွေးကိုအသုံးပြုပြီး လျှပ်စစ်စွမ်းအင်ထုတ်မယ့် စက်ရုံကြီးလည်းပါတယ်။ အခုတော့ မြန်မာအစိုးရဘက်ကအပြောအရ အဲသည့်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်စက်ရုံဟာ သဘာဝပတ်ဝန်းကျင်နဲ့လူသားတွေကို ရေရှည်မှာ ထိခိုက်စေတာကြောင့် တည်ဆောက်ခွင့်မပေးတော့ဘူးလို့ ဆိုတယ်။ ဒါဆိုရင်တော့ ကြိုဆိုရမှာပေါ့။ ဒါပေမယ့် ပြဿနာတွေက အများကြီးကျန်နေသေးတယ်။
- ထိုင်းနိုင်ငံမှာ စက်မှုဇုံတွေအတော်များများ ရှိတယ်။ အခုတည်ဆောက်မယ်ဆိုတဲ့ ထားဝယ်စက်မှုဇုံဟာ ထိုင်းနိုင်ငံထဲက အကြီးဆုံးစက်မှုဇုံထက် ၁၆ဆကြီးမှာ ဖြစ်တယ်။ ထိုင်းတွေက စက်မှုဇုံတွေကို သူ့နိုင်ငံထဲမှာ မထားချင်တော့ဘူး။ ရေရှည်မှာ ဆိုးကျိုးတွေအမြောက်အများ သယ်ဆောင်လာတယ် ဆိုတာကို သူတို့ဘက်က လက်တွေ့သိသွားလို့ဖြစ် တယ်။ အဲသည်တော့ ဘုမသိဘမသိ ဘာမှ ကောင်းကောင်းနားမလည်သေးတဲ့ မြန်မာဘက်ကို ရွှေ့ဖို့ပြင်ဆင်လာတာဖြစ်တယ်။ မြန်မာအစိုးရကလည်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို အာသာငမ်းငမ်းဖြစ်နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတယ်။ စက်မှုဇုံမှာတည်ဆောက်မယ့် စက်ရုံတွေဟာ အမျိုးအစားများပြားလှတယ်။ အခုအထိ မြင်သလောက်ပြောရရင် သံမဏိစက်ရုံ၊ ဘိလပ်မြေစက်ရုံ၊ ဓာတုဗေဒပစ္စည်းမျိုးစုံ ထုတ်မယ့်စက်ရုံတွေ၊ ရေနံကနေတဆင့် ဆက်ထုတ်လုပ်မယ့် ရေနံဓာတု ဆက်စပ်ပစ္စည်းတွေ ဖြစ်တယ်။ 
- အထက်က ပြောခဲ့တဲ့စက်ရုံတွေလည်ပတ်ဖို့ လျှပ်စစ်ဓာတ်အားက ဘယ်ကရမှာလဲ။ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားသားတွေက ဈေးပေါတဲ့ကျောက်မီးသွေးအခြေပြု လျှပ်စစ်ဓာတ်အားထုတ် စက်ရုံကိုပဲ မျက်စေ့ထဲပြေးမြင်ကြတယ်။ နောက် ဓာတုပစ္စည်းတွေ ထုတ်မယ့်စက်ရုံတွေကလည်း ရေချိုကို အလွန်အမင်းအသုံးပြုရတဲ့ စက်ရုံတွေဖြစ်တယ်။ ပြန်စွန့်လိုက်တဲ့ ဓာတုဆိပ်ဆင့်ရေတွေကို ပင်လယ်ထဲ သွန်ထုတ်မှာ ဖြစ်တယ်။ တခါ စက်ရုံကထွက်လာတဲ့ မီးခိုးငွေ့ကလည်း ထင်းမီးလို ရိုးရိုးမီးခိုးငွေ့ မဟုတ်ဘူး။ ဓာတုဆိပ်သင့်နေတဲ့ အခိုးအငွေ့တွေပါ။ နောက်တချက်ကတော့ အဲသည့် စက်ရုံတွေကို ရင်းနှီးမြှုပ်နှံသူတွေက နှစ်ပေါင်း ၆ဝလုပ်ကိုင်ပြီးမှ မြန်မာဘက်ကို လွှဲပေးမှာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်က ဘာအမြတ်ရမှာလဲ။ သေသေချာချာ ဆန်းစစ်ဖို့လိုပါတယ်။ ကျနော်တို့ရဲ့ ထားဝယ်ဒေသခံတွေအတွက် ဘာကောင်းကျိုးတွေ သယ်ဆောင်လာမှာလဲ။ ကောင်းကျိုးတွေ သယ်ဆောင်လာမယ်လို့ ဘယ်သူက ဘယ်သူ့ကို အာမခံမှာလဲ?။
- ပွင့်ပွင့်လင်းလင်းပြောရရင် နောက်တချက်ကတော့ ထားဝယ်ဒေသက ဒေသခံလူအများစုဟာ အဆင့်မြင့်ခေတ်ပညာတွေကို မတတ်ကြဘူး။ အဲသည့် စက်ရုံတွေလာဆောက်တော့ ဘယ်လို အလုပ်မျိုးတွေ သူတို့ရမှာလဲ။ ခြုံရှင်း၊ မြေသယ်၊ အုတ်သယ် အလုပ်မျိုးတွေနဲ့ပဲ အဆုံးသတ်ရလိမ့်မယ်လို့ ပြောနိုင်တယ်။ အခုလောလောဆယ်ဖြစ်နေတာ တခုကိုပဲပြောပြချင်တယ်။
- အီတဲလ်ထိုင်းကုမ္ပဏီက ထားဝယ်စက်မှုဇုံဆောက်ဖို့အတွက် လမ်းတံတားအစရှိတဲ့လိုအပ်တဲ့ အခြေခံအဆောက်အဦတွေကို ဆောက်လုပ်မှာဖြစ်တယ်။ တောတွေတောင်တွေရှင်းဖို့ ဘူဒိုဇာတွေ အများကြီးလိုလာတယ်။ ဘူဒိုဇာမောင်းသမားတွေလည်း အများအပြား လိုနေတယ်။ သူတို့ဘက်ကနေ မြန်မာဘက်ကို ကမ်းလှမ်းတယ်။ မြန်မာဘူဒိုဇာ မောင်းသမားသုံးထောင်လောက် အလုပ်ခန့်ချင်တယ်လို့ ဆိုတယ်။ ဒါပေမယ့် မြန်မာဖက်မှာ တနိုင်ငံလုံး လိုက်စုရင်တောင် ဘူဒိုဇာမောင်းသမားငါးရာလောက်ပဲ စုနိုင်တယ်လို့သိရတယ်။ တခြားပညာတွေ မဆိုနဲ့ဦး ဘူဒိုဇာမောင်းတဲ့ အတတ်ပညာမှာတောင် ကိုယ့်မှာလူအလုံအလောက် မရှိဘူးဆိုတာ ပြနေတယ်။ အဲသည့်တော့ နောက်ဆုံးမှာ အီတဲလ်ထိုင်း ကုမ္ပဏီဘက်က ထိုင်းလူမျိုးဘူဒိုဇာမောင်းသူတွေ ငှားဖို့ ဖြစ်လာရတယ်။ ဒါကိုကြည့်လိုက်ရင်ပဲ စလုံးရေးစ ဆိုကတည်းက ကိုယ့်မှာဘာအမြတ်မှ သိပ်မရတာကို တွေ့ရတယ်။
- မြန်မာပြည်ဟာ အဆင့်မြင့်ပညာရေးမှာသာမကဘဲ အသက်မွေးဝမ်းကျောင်းပညာရပ်တွေမှာလည်း သူများနောက်မှာ ကျန်နေရစ်တာ မြင်ရတယ် တက္ကသိုလ်ကောလိပ်ဆိုတာ အကုန်လုံး အစိုးရပိုင်တွေ ဖြစ်နေတယ်။ အစိုးရလုပ်ချင်တဲ့ ပေါ်လစီအောက်မှာပဲ ပိနေတယ်။ သူများနဲ့ယှဉ်ဘောင်တန်းဖို့ အဆင်သင့် မဖြစ်သေးဘူး။ ကုန်ကုန်ပြောရရင် လူတွေကို နားမျက်စေ့ ဖွင့်ပေးနေတဲ့ မီဒီယာမှာတောင် မီဒီယာအတွက် သင်တန်းကျောင်းကောင်းကောင်း မရှိသေးဘူး။ တချိန် တုန်းက ကိုယ့်နောက်မှာနေခဲ့ရတဲ့ ကမ္ဘောဒီးယားမှာတောင် အခုဆိုရင် မီဒီယာသင်တန်းကျောင်း ရှိနေပြီ။ မြန်မာဂျာနယ်လစ် တချို့သွားပြီး တက်နေကြရတာ အားလုံးအသိ။ ဟောင်ကောင်အခြေစိုက် Allan & Associates ဆိုတဲ့ သုတေသနအဖွဲ့က ဂယ်ဗင်ဂရင်းဝုဒ်ဆိုတဲ့ သုတေသီတဦးက ဒီလိုပြောတယ်။ “အခုလက်ရှိမြန်မာနိုင်ငံ လူဦးရေအများစုဟာ ပညာကောင်းကောင်းမတတ်တဲ့ အဆင့်မှာရောက်နေကြတယ်။ ကုန်ကုန်ပြောရရင် ပညာပျက်ကိုသာ သိသူတွေ ဖြစ်နေတယ်” လို့ ဝေဖန်ထောက်ပြထားတယ်။
- ဒီနေရာမှာ ဆိုလိုချင်တာက ကိုယ့်မှာအဲသလို အခြေအနေကို ရင်ဆိုင်နေရတယ်ဆိုတာ ဝန်ခံဖို့လိုတယ်။ ဒါကို ပြောင်းလဲပစ်ဖို့ စိတ်စေတနာရှိဖို့လည်း လိုတယ်။ လမ်းဆုံးအထိပြောရမယ်ဆိုရင် ပညာရေးကို လွတ်လပ်ခွင့်ပေးလိုက်ပါတော့လို့ ဆိုချင်တယ်။ အစိုးရက နေရာတကာမှာ လိုက်ချုပ်နေတာကို ရပ်ဖို့သင့်ပါပြီ။ အဲသလိုမဟုတ်ဘဲ ဒီအတိုင်းဆက်သွားရင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လက်ခံနေရင်လည်း ကိုယ့်အတွက် သိပ်ကျန်ဖို့မမြင်ဘူး။ ဟင်းအရသာကို မသိတဲ့ မသိနိုင်တဲ့ ဟင်းအိုးမွှေရတဲ့ ယောင်းမလို ဖြစ်နေမှာပဲ။
- နောက် ဒီကြားထဲမှာ မြန်မာနိုင်ငံဟာ ငွေကြေးမတည်ငြိမ်ဘူး။ စတော့အိပ်စ်ချိန်းလည်း မရှိသေးဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေလိုက်နာရမယ့် နိုင်ငံတကာအဆင့်အတန်းနဲ့ညီတဲ့ စည်းမျဉ်းတွေ ဥပဒေတွေလည်း ခိုင်ခိုင်မာမာမရှိဘူး။ အဲတာတွေကြောင့် တည်ရှိနေတဲ့ လာဘ်ပေးလာဘ်ယူပြဿနာဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်ရှိမယ်။ အဲသလိုရှိတဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုတာ နိုင်ငံခြားကုမ္ပဏီတွေနဲ့ အာဏာပိုင်တွေ(လူနည်းစု)အတွက်သာ အကျိုး ရှိပြီး အလုပ်ဖြစ်မယ်။ နိုင်ငံသားတွေခံစားစံစားရဖို့ ဝေးနေဦးမှာ ဖြစ်တယ်။ နောက်တချက်ကတော့
မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်တွေ ဝင်လာရင်၊ စတော့အိပ်စ်ချိန်း တည်ထောင်နိုင်ရင် ငွေကြေး တည်ငြိမ်လာမယ်လို့ တချို့ကမျှော်မှန်း ထားတယ်။ တစိတ်တပိုင်းပဲ မှန်တယ်။
- ဘာဖြစ်လို့တုန်းဆိုတော့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ဗဟိုဘဏ် Independent Central Bankဆိုတာ မရှိသေးလို့ပဲ။ ဘဏ်ပေါင်းစုံတွေ၊ ရောင်းဝယ်မှုတွေ၊ ငွေကြေးစီးဆင်းမှုတွေကို ကွပ်ကဲကြီးကြပ်ဖို့ (ကွန်မင်ဒါ) ခေါင်းဆောင်ဘဏ်လိုတယ်လို့ ဆိုလိုတာဖြစ်တယ်။ လွတ်လပ်တဲ့ ဗဟိုဘဏ် ဆိုတာက ငွေကြေးကိစ္စတွေမှာ အစိုးရခေါင်းဆောင်တွေက ဘယ်လိုလုပ် ညာလိုလုပ်ဆိုပြီး ဝင်ဝင်ပြီး ဆုံးဖြတ်လို့ မရဘူး။ ငွေကြေး စီးဆင်းမှုဖြစ်စဉ်အတိုင်း ငွေကြေးဆိုင်ရာအတတ်ပညာရှင် အသိပညာရှင်တွေက ထိန်းကျောင်းပြီးဆုံးဖြတ် လုပ်ကိုင်ရမှာလို့ ပြောတာ။ အစိုးရတာဝန်က အလွန်အ ကျူး ဖြစ်မယ့် ကိစ္စတွေမဖြစ်ရအောင် စောင့်ကြည့်ကြပ်မတ်တာလောက်ပဲ ရှိတယ်။ အခုဆိုရင် အင်္ဂလန်က Standard Chartered၊ ထိုင်းနိုင်ငံကဘန်ကောက်ဘဏ်၊ ဆီယံကွန်မာရှယ်ဘဏ်နဲ့ ကရုန်ထိုင်းဘဏ်တွေဟာ မြန်မာနိုင်ငံထဲမှာရင်းနှီးမြှုပ်နှံဖို့ အားသန်နေကြတယ်။ တလောက ဂျပန်နိုင်ငံက ဘဏ်တခုလဲ ဘဏ်ခွဲထောင်ဖို့ခွင့်ပြုချက် ရသွားပြီ။
- ပြန်ကောက်ရရင် ကိုယ့်မှာ ဘာအတတ်ပညာကောင်းကောင်းမှမရှိဘဲ အဲဒါတွကို အကျိုးရှိအောင် ဘယ်လိုကွပ်ကဲမလဲ။
- အစိုးရအနေနဲ့ လုပ်ရမှာက ပညာရေးနဲ့ပတ်သက်လို့ ငွေကြေးကို အလုံးအရင်းနဲ့ သုံးသင့်နေပြီ။ တဆက်ထဲမှာလည်း ပညာရေးနဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံလိုတဲ့ တိုင်းရင်းသားနဲ့ နိုင်ငံခြားကုမ္ပဏီတွေကို အတိုင်းအတာတခုအထိ လွတ် လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးသင့်တယ်၊ ဦးစားပေးသင့်တယ်။ စီးပွားရေးဇုံ၊ စက်မှုဇုံတွေဟာ ထားဝယ်ဒေသမှာတင်မကဘဲ နောင်မှာ နေရာအတော် များများမှာ ပေါ်လာတော့မှာကြောင့် ကိုယ့်ဖက်မှာပညာ ကောင်းကောင်းတတ်တဲ့သူတွေ လိုသထက် လိုလာတော့မယ်။ အထူးသဖြင့် ထိုင်းမြန်မာနဲ့ တရုပ်မြန်မာနယ်စပ်တလျှောက်မှာ ပေါ်လာလိမ့်မယ်။
- နောက်ဆုံးတချက် ပြောလိုတာကတော့ စီးပွားရေးဆိုတာ တားလို့မရပါဘူး။ အမြတ်ရရင် လုပ်ကြမှာဘဲ။ ဒါပေမယ့် ကိုယ့်နိုင်ငံရဲ့သဘာဝ အရင်းအမြစ်တွေကိုတော့ ဉာဏ်ရှိရှိ ဆင်ခြင်တိုင်းထွာပြီး သုံးဖို့လိုတယ်လို့ အစိုးရကို ပြောလိုတယ်။
- ထိုင်းလူမျိုး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီးပွားရေးပညာရှင် တဦးဖြစ်တဲ့ “စာဝီဘွန်မ” က သတိပေးထားတာ တခုရှိတယ်။ နိုင်ငံတကာနဲ့ ထိုင်းစီးပွားရေးသမားတွေရဲ့ လောဘကို သူကမြင်နေတဲ့အတွက် ပြောတာဖြစ်ပါတယ်။ အဲတာက ဘာတုန်းဆိုတော့ “ကျနော်တို့ ကမ္ဘာပေါ်မှာ မြေတွေဟာ တရက်ထက်တရက် ပိုပိုပြီး သဲကန္တာရအသွင် ပြောင်းလာနေတယ်။ ရေချို ခန်းခြောက်မှုဟာလည်း ဆိုးသထက် ဆိုးလာနေတယ်။ အလားတူပဲ တခြားသောသဘာဝအရင်း အမြစ်တွေလည်း ရှားပါးသထက် ရှားပါး လာတယ်။” သူပြောတာ မှန်ပါတယ်။ ဒါပေမယ့် စီးပွားရေးအကျိုးအမြတ်ကိုပဲ အားသန်နေတဲ့သူတွေကတော့ အဲသည့်ကိစ္စတွေကို စိုးရိမ်စရာအဖြစ် ထုတ်ဖော်မပြောကြဘူး။
ဇော်မင်း

No comments:

Post a Comment