http://mtlagtigroup.blogspot.com/2012/02/blog-post_09.html#more မှ ကူးယူထားပါသည်။
အခု ကျွန်တော်တို့တတွေ ဒီစင်္ကာပူမှာ အလုပ်လာလုပ်နေကြရတယ်။ ကျွန်တော်အလိုချင်ဆုံး အရာကတော့ ငွေမဟုတ်ပါဘူး၊ မြန်မာတပြည်လုံးအတွက် “လီကွမ်ယူ”ကို လိုချင်ပါတယ်။ မြန်မာပြည်ကို သူတစ်ပါးလက်ထဲအပ်ချင်တာ မဟုတ်ဘူးနော်၊ လီကွမ်ယူလို ခေါင်းဆောင်ကောင်း မြန်မာပြည်အတွက်လိုချင်တာပါ။ အခုလက်ရှိ စင်္ကာပူဝန်ကြီးချုပ်က 2011ထဲမှာ ပြောခဲ့ပါတယ် “ကျွန်တော်တို့တိုင်းပြည်အတွက် ပညာရှင်တွေ မလုံလောက်သေးဘူး၊ ပညာရှင်တွေကို ခေါ်ယူနေဦးမှာဘဲ”တဲ့။ ကျွန်တော်လည်း သူအမြင်အတိုင်းပါဘဲ။ (ကိုယ်ပိုင်စကား) Palenat
တတိယကမ္ဘာမှ ပထမကမ္ဘာသို့
ဟိန်းလတ်
ဟိန်းလတ်
သူရိယ ၊ တတိယအကြိမ် ၊ စက်တင်ဘာလ ၂၀၀၆
၂၀၀၂ ခုနှစ် အမျိုးသားစာပေဆု ဘာသာပြန် (သုတ) ဆုရ
စာအုပ်မျက်နှာဖုံး
စာအုပ်ကျောဖုံး
"ကျွန်တော်သည်
ဤစာအုပ်ကို စင်္ကာပူနိုင်ငံသား လူငယ်မျိုးဆက်သစ်တို့ တည်တံ့ခိုင်မြဲရေး၊
ရှင်သန်ကြီးထွားရေး၊ ကြွယ်ဝချမ်းသာရေးအတွက် ရေးသားပါသည်။ စတုရန်းကီလိုမီတာ
၆၄၀ သာရှိသော နိုင်ငံငယ်လေးတစ်ခု၊ သဘာဝသယံဇာတလုံးဝမရှိဘဲနှင့် ကြီးမားသော
လွတ်လပ်ရေးသစ်များရရှိကာ အမျိုးသားရေးပေါ်လစီရှိသော
နိုင်ငံကြီးများကြားတွင် ရှင်သန်လာရေးမှာ မည်မျှခက်ခဲကြောင်း သူတို့ကို
သိစေချင်ပါသည်။
တစ်ဦးချင်းလုံခြုံရေး၊
စီးပွားရေးနှင့် လူမှုရေးတိုးတက်မှု၊ ချမ်းသာကြွယ်ဝမှုတို့ကို သဘာဝလောကမှ အလဟဿ
မရနိုင်ပါ။ မလျှော့သောဇွဲလုံလနှင့် ရိုးဖြောင့်ပြီး စွမ်းဆောင်ရည်ရှိသော အစိုးရကို ပြည်သူများက ရွေးချယ်နိုင်မှသာ အကောင်အထည်ဖော်နိုင်ပါမည်။
ကျွန်တော်၏
ပထမစာအုပ်တွင် စင်္ကာပူစစ်ကြိုခေတ်ကာလ၊ ဂျပန်အုပ်ချုပ်ရေးကာလ၊
ကွန်မြူနစ်တို့ ထကြွမှုများ၊ မလေးရှားတွင် ၂ နှစ်တာကာလ
အတူရှိနေစဉ်အတောအတွင်း လူမျိုးရေး ပြဿနာများ စသည်တို့ကို
တင်ပြခဲ့ပါသည်။..........." ဟု လီကွမ်ယုက သူ၏ From Third World to First:
The Singapore Story စာအုပ်တွင် အမှာစာရေးသားထားသည်။
လီကွမ်ယုကို
၁၉၂၃ခုနှစ် စက်တင်ဘာလ ၁၆ရက်နေ့တွင် စင်္ကာပူ၌ မွေးဖွားခဲ့သည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် ပညာဆက်လက်သင်ကြားရန် လန်ဒန်သို့ ထွက်ခွာခဲ့သည်။
အင်္ဂလန်တွင် ၄နှစ်နီးပါး ပညာသင်ယူခဲ့ပြီး Fitzwilliam College, Cambridgeမှ ဥပဒေဘွဲ့ကို ထူးချွန်စွာရရှိခဲ့သည်။ ၁၉၄၉ခုနှစ်တွင် စင်္ကာပူသို့ပြန်လာခဲ့သည်။ သူသည် စင်ကာပူမှ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးကို
ဖယ်ရှားပစ်မည်ဟူသော အဓိဌာန်ဖြင့် ပြန်လာခဲ့သည်ဟု သူ၏အမှာစာတွင်
ရေးသားထားသည်။
၁၉၅၄
နိုဝင်ဘာလ ၁၂ရက်တွင် People's Action Party (PAP) ကို အခြားသူများနှင့်
ပူးတွဲတည်ထောင်ခဲ့သည်။ ၁၉၅၅ ခုနှစ် တတိယအကြိမ်ရွေးကောက်ပွဲတွင် Tanjong
Pagar မှ ၀င်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ပြီး နိုင်ငံရေးလောကထဲ တရားဝင် ၀င်ရောက်လာခဲ့သည်။ ၁၉၅၉ ခုနှစ် ရွေးကောက်ပွဲတွင် သူ၏ PAP
ပါတီအနိုင်ရရှိပြီး၊ ၁၉၅၉ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် လီကွမ်ယုသည်
ဗြိတိသျှလက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စင်္ကာပူနိုင်ငံအစိုးရ၏
ဝန်ကြီးချုပ်ဖြစ်လာသည်။ ကွန်မြူနစ်ဝါဒကို ယုံကြည်သူပါတီများနှင့်
ကြီးမားပြင်းထန်သော ယှဉ်ပြိုင်မှုများကို ရင်ဆိုင်ခဲ့ရသည်။ လီကွမ်ယုသည်
ပြင်းထန်စွာနှိမ်နှင်းဖမ်းဆီးခဲ့သည်။ စင်္ကာပူသည် ကိုယ်ပိုင်ရပ်တည်ရန်
ခက်ခဲလာသဖြင့် ၁၉၆၃ခုနှစ် စက်တင်ဘာလ ၁၆ရက်တွင် မလေးရှားနိုင်ငံနှင့်
ပူးပေါင်းခဲ့ရပြန်သည်။ ထို့နောက် လူမျိုးရေးပြဿနာများ ဖြစ်လာကာ၊ ၁၉၆၅
ခုနှစ် သြဂုတ်လ ၉ ရက်တွင် မလေးရှားမှခွဲထွက်ပြီး လွတ်လပ်ရေးကိုကြေငြာ၍
သီးခြားလွတ်လပ်သောနိုင်ငံတစ်ခု ဖြစ်လာသည်။
တတိယကမ္ဘာမှ
ပထမကမ္ဘာသို့ စာအုပ်သည် ၁၉၆၅ ခုနှစ် လွတ်လပ်ရေးရခဲ့သည်မှ ၂၀၀၀ ခုနှစ်အထိ
လီကွမ်ယု၏ မှတ်တမ်းများဖြစ်သည်။ ထိုကာလများအတွင်း စင်္ကာပူနိုင်ငံ၏
အခက်အခဲများကို လုပ်ဖော်ကိုင်ဖက်များဖြင့် မည်သို့ရင်ဆိုင်ဖြေရှင်းခဲ့ပုံများကို အကြောင်းအရာ ဖြစ်ရပ်များအပေါ် မူတည်ကာ
ရေးသားထားခြင်းဖြစ်သည်။ ဆိုင်ရာဖြစ်ရပ်များကို အခန်းများခွဲကာ ရေးထားသည်။
စာအုပ်သည် အကြောင်းအရာစုံလင်လှသဖြင့် ကျွန်တော်သဘောကျသည့်
အကြောင်းများကိုသာ အဓိက ဖော်ပြလိုပါသည်။
လွတ်လပ်ရေးရပြီးနောက်
စစ်တပ်တစ်ခုကို တည်ထောင်ရခြင်း၊ လူမျိုးရေးအဓိကရုန်းများ၊ ဆန္ဒ္ဒပြမှုများကို နှိမ်နင်းခဲ့ရခြင်းအကြောင်းများကို စာအုပ်အစအခန်းများတွင်
ရေးထားသည်။ စင်္ကာပူကို စီးပွားရေးဗဟိုဌာနအဖြစ် ဖန်တီးခြင်း၊ စင်္ကာပူစိမ်းလန်းရေး၊ ပါရမီရှင်များပျိုးထောင်ခြင်းနှင့် ဆွဲဆောင်ခြင်း၊
စသည့်အခန်းများဖြင့် တိုးတက်ရန်ကြိုးစားမှုများကို ရေးထားသည်။
၁၉၇၀ခုနှစ်က လီကွမ်ယုသည် မလေးရှားဝန်ကြီးချုပ် တွန်ရာဇတ်ကို မလေးရှားသည်
ဦးနှောက်ယိုစီးမှုဖြစ်ပြီး ပညာတတ် တရုတ်၊ အိန္ဒိယတို့သည် သြစတြေလျနှင့်
နယူးဇီလန်သို့ရောက်ကုန်ကြောင်း ပြောခဲ့သည်။ တွန်ရာဇတ်က ပြန်ပြောသည်မှာ
"ဒါဟာ ဦးနှောက်ယိုစီးမှုတင် မကဘူး၊ ဒုက္ခယိုစီးမှုလည်း ဖြစ်တယ်။ မလေးရှားက
ဒုက္ခတွေ စီးထွက်ကုန်တယ်လို့ပဲ သဘောထားရမယ်"
ယခင်က
တဲများဖြင့်ဖြစ်သလို နေထိုင်ခဲ့ကြသည့်သူများကို တိုက်ခန်းများအပေါ်
တင်ပေးခဲ့သည်။ ထိုအခါ လူများက နွားများ၊ ၀က်များကိုလည်း တိုက်ခန်းများအပေါ်
သယ်ယူသွားကြသည်။ တိုက်ခန်းများတွင် နွားများ၊ ၀က်များဖြင့် နေထိုင်ကြသည်။
၁၉၉၂ ခုနှစ်တွင် ပီကေကို ပိတ်ပင်ခဲ့သည်။
ဤစာအုပ်ဖတ်မှ
ကျွန်တော်အသေးစိတ်သိသော အကြောင်းအရာတစ်ခုမှာ ဗီယက်နမ်ကွန်မြူနစ်တို့
အကြောင်းဖြစ်သည်။ ၁၉၇၅ခုနှစ် ဧပြီလ ၃၀ရက်တွင် မြောက်ဗီယက်နမ်တို့က
ဆိုင်ဂုံမြို့ကို သိမ်းပိုက်လိုက်ခြင်းဖြင့် အမေရိကန် - ဗီယက်နမ်စစ်ပွဲ
အဆုံးသတ်သွားခဲ့သည်။ ကွန်မြူနစ်ဒီရေ တက်လာသည်။ ကွန်မြူနစ်
မြောက်ဗီယက်နမ်တို့သည် ၁၉၇၈ခုနှစ်တွင် ကမ္ဘောဒီးယားကို
စတင်တိုက်ခိုက်ခဲ့သည်။ ၁၉၇၉ ဇန်န၀ါရီတွင် ဗီယက်နမ်တို့က ကမ္ဘောဒီးယားကို
လုံးဝသိမ်းပိုက်လိုက်ကာ ကမ္ဘောဒီးယားတွင် ကွန်မြူနစ်ရုပ်သေးအစိုးရကို
ဖွဲ့စည်းပေးလိုက်သည်။ ခမာနီတို့ အာဏာရသွားသည်။ ကမ္ဘောဒီးယားပြည်သူများစွာ
ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ကြရသည်။ ထို့နောက် ကမ္ဘောဒီးယားနယ်စပ်မှတဆင့်
ထိုင်းနိုင်ငံကို တိုက်ခိုက်ဖို့ပြင်ဆင်ကြသည်။
၁၉၇၉
ခုနှစ် ဖေဖော်ဝါရီတွင် ဗီယက်နမ်တို့အနေဖြင့် ထိုင်းနိုင်ငံအား
တိုက်ခိုက်မှုမပြုရန် တရုတ်ပြည် (တိန့်ရှောင်ဖိန်)က ဟန့်တားခဲ့သည်။
မရသဖြင့် တရုတ်နိုင်ငံသည် ၁၉၇၉ တွင် ဗီယက်နမ်အား တိုက်ခိုက်ခဲ့သည်။
စစ်ပွဲသည် ၁၉၇၉ ဖေဖော်ဝါရီ ၁၇မှ မတ်လ ၁၆ရက်နေ့အထိသာ ဖြစ်သည်။ ထိုင်းကို
တိုက်ခိုက်ဖို့ ပြင်ဆင်နေသည့် ဗီယက်နမ်တို့ စစ်ဦး လှည့်သွားတော့သည်။
ကမ္ဘောဒီးယားတွင်ရှိနေသည့် ဗီယက်နမ်စစ်တပ်သည် ၁၉၈၉ခုနှစ် ဒီဇင်ဘာလကျမှ
လုံးဝ ထွက်ခွါသွားတော့သည်။ အမေရိကန်ကို နိုင်အောင်တိုက်ခဲ့ပြီး
ကွန်မြူနစ်တို့ကို ဂုဏ်တက်စေခဲ့သည့် ဗီယက်နမ်၏ နိုင်ငံငယ်များအပေါ်
ဗိုလ်ကျစိုးမိုလိုသည့်ဖြစ်ရပ်သည် သမိုင်းကို အရုပ်ဆိုးစေခဲ့သည်။
လီကွမ်ယု၏
အာစီယံအဖွဲ့ စတင်စဉ်က အတွေ့အကြုံများ၊ အနောက်အင်အားကြီးနိုင်ငံများနှင့်
ဆက်ဆံခဲ့ပုံများ၊ တရုတ်နှင့် ဆက်ဆံရေးစသည်တို့ကိုလည်း
ဆိုင်ရာအခန်းများဖြင့် ရေးသားထားသည်။ ပတ်ဝန်းကျင်နိုင်ငံများနှင့်
ဆက်ဆံရေးများကိုလည်း အကျယ်တ၀င့်ရေးထားသည်။
မူရင်းစာအုပ်တွင်
ပါဝင်သည့်အခန်းအချို့ကို ဆရာဟိန်းလတ်၏ မြန်မာဘာသာပြန်တွင် ဖြုတ်ထားသည်။ ၃-၄ ခန်းလောက်ရှိသည်။ ဖြုတ်ထားသည့် အဓိကအခန်းများမှာ တရုတ်နိုင်ငံနှင့်
ဆိုင်သည့် china beyond beijing ၊ Tiananmen နှင့် Hongkong
အခန်းတို့ဖြစ်သည်။
မြန်မာနိုင်ငံနှင့်ဆိုင်သည့်
ဖြုတ်ထားသည်မှာ ၁ ခန်းတည်းသာဖြစ်သည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့
လီကွမ်ယု ပထမဆုံးရောက်ဖူးသည်မှာ ၁၉၆၂ခုနှစ် မတ်လ၊ ဗိုလ်ချုပ်ကြီးနေ၀င်း
အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာ ဖြစ်သည်။ လီကွမ်ယုသည် ရန်ကုန်မြို့တွင်
ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဇနီး ဒေါ်ခင်မေသန်းတို့နှင့် တွေ့ဆုံခဲ့သည်။
လီကွမ်ယုက သူတို့နှစ်ဦးလုံး အင်္ဂလိပ်စကားကို ကောင်းစွာပြောနိုင်သည်ဟု
ရေးထားသည်။ ကွန်မြူနစ်တို့ကို တိုက်ခိုက်နေသူဖြစ်သည့်
ဗိုလ်ချုပ်ကြီးနေ၀င်းကို လီကွမ်ယု ကြိုက်သွားမည်ထင်သည်။
ဗိုလ်ချုပ်ကြီးနေ၀င်းက သူ့ကို (Burmese way of Socialism)
မြန်မာနည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်အကြောင်း ပြောပြလိုက်သည်ဟု
လီကွမ်ယုက ရေးထားသည်။ သူက မြန်မာတို့၏ ဆိုရှယ်လစ်လမ်းစဉ်မှာ ရိုးရှင်းသည်ဟု
ရေးထားသည်။ (Simple ဟုဆိုသည်)။
လီကွမ်ယုသည်
ရန်ကုန်မြို့သို့ ၁၉၆၅ ခုနှစ် မေလတွင် ဒုတိယအကြိမ်၊ ၁၉၆၈ ခုနှစ်
ဇန်န၀ါရီလတွင် နောက်ဆုံးရောက်ခဲ့သည်ဟုလည်း ရေးသားထားသည်။ သူ၏
နောက်ဆုံးအခေါက်တွင် ရန်ကုန်မြို့လမ်းများမှာ အပေါက်များနှင့် ပြည့်နေပြီး
အဆောက်အဦများမှာ အိုဟောင်းနေသည်။ ကားများမှာလည်း ၁၉၅၀ - ၆၀ ခုနှစ်များက
မော်ဒယ်များဖြစ်သည်ဟု ဆိုထားသည်။ ဗိုလ်ချုပ်ကြီးနေ၀င်း စင်္ကာပူတွင် ဆေးလာကုသည့် နောက်ပိုင်းနှစ်များအကြောင်းကိုလည်း ရေးထားသည်။
၁၉၉၃
ခုနှစ်တွင် ဗိုလ်ချုပ်ခင်ညွန့် စင်ကာပူရောက်လာပြီး လီကွမ်ယုနှင့်
တွေ့ဆုံသွားသည်။ သူက ဗိုလ်ချုပ်ခင်ညွန့်အား ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားသည့်
အစိုးရ၏ ပေါ်လစီသဘောထားကို ပြန်စဉ်းစားဖို့ ပြောသွားသည်။ (Reconsiderဟု
သုံးသွားသည်)။ ၁၉၉၅ ခုနှစ် နှစ်လည်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စင်္ကာပူရောက်လာသည်။ လီကွမ်ယုက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို
အင်ဒိုနီးရှားကိုသွားလေ့လာဖို့ တိုက်တွန်းသည်။ ဆူဟာတို၏ စစ်ဘက်မှ
အရပ်ဘက်သို့ ပြောင်းလဲသည့်လမ်းစဉ်ကို သွားလေ့လာဖို့ဖြစ်သည်။ မြန်မာအကြောင်း
ရေးထားသည်မှာ သိပ်မရှိပါ။
သူ၏
အရိုက်အရာကို လွှဲပေးမည့် ဂိုချုပ်တောင်အား ၁၉၈၀ ခုနှစ်များကတည်းက
ရွေးချယ်ခဲ့ပြီးလေ့ကျင့် ပျိုးထောင်ပေးခဲ့သည်။ ကျော်ဖြတ်ခြင်းအခန်းဖြင့်
ဂိုချုပ်တောင်အကြောင်း အနည်းငယ်ရေးထားသည်။ ကျွန်တော့်မိသားစုအခန်းဖြင့်
လီကွမ်ယု၏ ကိုယ်ပိုင်မိသားစုဘ၀အကြောင်းကို
စာအုပ်နောက်ပိုင်းတွင်ဖော်ပြထားသည်။ သူ၏သားကြီး လီရှန်လွန်းအကြောင်းကိုသာ
အဓိကရေးသားထားသည်။
စင်္ကာပူနိုင်ငံအာဏာရပါတီ ခေါင်းဆောင်တစ်ဦး၏အမြင်များနှင့် ဆောင်ရွက်ချက်များကို
စာအုပ်မှ သိမြင်နိုင်ပါသည်။ ထိုစာအုပ်ကိုဖတ်ပြီး ကျွန်တော်တွေးမိသည်မှာ စင်္ကာပူကံကောင်းသည်။ လီကွမ်ယုသည် သူ၏ရပ်တည်မှုအတွက် ဖိနှိပ်ခဲ့သည်များရှိသည်ဟု သတင်းများတွင် ဖတ်ရနိုင်ပါသည်။ သို့သော် စင်္ကာပူ၏
တိုးတက်ချမ်းသာမှုများကိုလည်း သတင်းများတွင် ဖတ်နိုင်ပါသည်။
ကျွန်တော်သည်
သူ၏ From Third World to First: The Singapore Story ဘာသာပြန်ကိုဖတ်ရင်းမှ
၃၀-၄-၁၁ ရက်နေ့ထုတ် The Straits Time သတင်းစာ မျက်နှာဖုံးမှ
သတင်းတစ်ပုဒ်အကြောင်းကို တွေးမိသွားသည်။ လီကွမ်ယုက ၁၆ကြိမ်မြောက် စင်္ကာပူအထွေထွေ ရွေးကောက်ပွဲအတွက် သတိပေးသည့်စကားတစ်ခွန်းကို ပြောသွားသည်။
ထိုစကားသည် မှန်လိမ့်မည်၊ မှားလိမ့်မည်ဆိုသည်ကိုတော့ .......... သမိုင်းကပဲ
အဖြေပေးသွားလိမ့်မည် ထင်သည်။
Posted By မောင်စူးစမ်း ( MTLA, GTI )


No comments:
Post a Comment