Monday, 20 February 2012

“အွန်လိုင်းအခမဲ့ပညာဘဏ်တိုက်မျာ:”





         မူကြိုမှသည် ဘွဲ့ရတဲ့အထိ ဘွဲ့ရတဲ့အထိပညာ လမ်းကြောင်းကို ပြန်လေ့လာကြည့်ရင် အလွန်ခက်ခဲ ပင်ပန်းတယ်လို့ ထင်ရတယ်။ ဒီနေ့ ခေတ်ပညာရေးက မိဘရော၊ ကျောင်းသားပါ အေးအေးသက် သာနေရတဲ့ ခေတ်မဟုတ်ပါဘူး။ ပညာဆိုတာကို မရ ရအောင်ယူနေကြရတာကလည်း ပညာဗဟုသုတ အသိဥာဏ်ပြည့်ဝပြီး ဘ၀မှာရပ်တည်နိုင်အောင် ဆိုတာထက်၊ အလုပ်အကိုင်ရအောင်ဆိုတဲ့ ဦးတည်ချက်ကများနေတာကလည်း ဘ၀င်မကျစရာပါ။ အစဉ်အလာပညာရေးရဲ့ လမ်းကြောင်းအဆုံးဟာ အလုပ်ဖြစ်နေပြီး၊ အလုပ်အကိုင်နဲ့ ဘ၀ရပ်တည်လို့ရသွားရင် ပညာဆိုတာ လမ်းဆုံးသွားတတ်ပါတယ်။ အလုပ်ရပြီးချိန်မှာမှ ပညာ လမ်းကြောင်းကို ပြန်သွားမယ်၊ ပညာပြန်သင်မယ်ဆိုတဲ့ စိတ်ကူးမျိုးတွေလည်း နည်းကြပါတယ်။ ပညာအခွင့်အလမ်းဆိုတာ ယူချင်ရင်ရနိုင်တဲ့၊ ယူချင်သူကို ပေးနိုင်တဲ့အနေအထားမျိုးကို ဖြစ်နေရ လိမ့်မယ်။ ပညာရေးဆိုတာ အချိန် မရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေး ရှာမှီးနိုင်အောင် စီစဉ်ထားရမယ်။
        ပညာရေးကို ဘွဲ့ရပြီးတာနဲ့ လမ်းဆုံးပြီလို့ သဘောမထားချင်သူတွေအတွက်၊ အကြောင်းအမျိုးမျိုးကြောင့် ပညာဆုံးခန်းမတိုင်မီ အလုပ်ထွက်ပြီး လုပ်နေရသူတွေအတွက် ပညာလမ်းကြောင်းဆက်စရာ နည်းလမ်းတွေ အများကြီးရှိပါတယ်။
ကိုယ့်ဘ၀အတွက် ရှေ့ဆက်ရမယ့် တက်လမ်းတစ်ခုအနေနဲ့ဖြစ်စေ၊ အခွင့်အလမ်းတစ်ခုအနေနဲ့ဖြစ်စေ အခမဲ့ သင်ကြားလေ့လာနိုင်တဲ့ ပညာလမ်းကြောင်းတွေရှိနေပါတယ်။ ခုခေတ်မှာ တက္ကသိုလ် အတော်များများနဲ့ ပညာရေးအဖွဲ့အစည်းတွေက အခမဲ့ အွန်လိုင်းပညာရေး၊ သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးလာကြတယ်။  အွန်လိုင်းပညာရေးဆိုတာ ပြဌာန်းချက် သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေ၊ လမ်းညွှန်မှုတွေ၊ ဖတ်စာအုပ်တွေနဲ့ အခိုင်အမာဖွဲ့စည်းထူထောင်လာကြတာကိုလည်း သတိထားမိတယ်။
        အခမဲ့ပညာသင်ကြားရေးကြောင့် အိုးမကွာ၊ အိမ်မကွာ၊ အလုပ်အကိုင်မကွာနဲ့ ဘွဲ့ရသူတွေရှိလာပြီ။ ပိုက်ဆံ အကုန်အကျ သက်သာစွာနဲ့ ပညာရှာနိုင်တာဟာ နည်းပညာကြောင့်လို့ပြောရမှာပါ။ မရှိသေးသူတွေက အသစ်ရှာနိုင်တယ်၊ ရှိပြီးသားသူတွေကလည်း မရသေးတာ ထပ်ရှာနိုင်တယ်။ ဒါဟာ အွန်လိုင်းပညာရေးရဲ့ အနှစ်သာရလို့ပြောနိုင်တယ်။ ပိုက်ဆံမရှိလို့ ပညာမသင်နိုင်ဘူးဆိုတာတွေ၊ အချိန်မရလို့ ပညာမသင်ကြား နိုင်ဘူးဆိုတာတွေ ခေတ်သစ်မှာ လာမပြောပါနဲ့တော့။ အွန်လိုင်းပေါ်မှာ အခမဲ့ e-book တွေ၊ အခမဲ့ သင်ယူနိုင်တဲ့  ပညာဘဏ်တိုက်တွေ ရှိနေပါတယ်။

Code Year  http://codeyear.com/
 
ကွန်ပျူတာ programming ဘာသာရပ်ကို သင်ကြားဖို့ မလွယ်ပါဘူးလို့ မပြောပါနဲ့။ Code Year က တစ်နှစ် အတွင်း အခြေခံ ပရိုဂရမ်းမင်းဘာသာရပ်ကို တတ်မြောက်စေရမယ်လို့ အာမခံထားတယ်။ ကိုယ်ပိုင် website တွေနဲ့ ကိုယ်ပိုင် application တွေ ရေးနိုင်ဖို့ code တွေ လေ့လာနိုင်စရာ အများကြီးပေးထားတယ်။ Code Year နဲ့ ပရိုဂရမ်မာဖြစ်သွားသူပေါင်း ခုဆိုရင် ၃၅၅၈၈၀ ဦးတောင်ရှိသွားပြီ။ အဲဒီအထဲမှာ နယူးယော့ခ် မြို့တော်ဝန် မိုက်ကယ် ဘလွန်းဘတ်တောင်ပါတယ်။ နေ့စဉ် ၀င်လာပြီး လေ့လာနေသူတွေလည်း မနည်းဘူး။ Code Year ကို ဖန်တီးသူတွေက နယူးယော့ခ်မြို့ အခြေစိုက် Code academy ကဖြစ်တယ်။ ပရိုဂရမ်မင်း ဘာသာရပ်ကို အခြေခံကစပြီး လေ့လာသင်ယူနိုင်အောင် စီစဉ်ပေးနေတယ်။
        ဒီ site မှာပေးထားတဲ့ သင်ခန်းစာတွေက သင်ကြားသူနဲ့ သင်ယူသူ အပြန်အလှန် ဆက်သွယ်သင်ယူနေရတဲ့ ပုံစံနဲ့ဖြစ်တယ်။ ကိုယ်တိုင်က မသိနားမလည်တဲ့ code တွေကို လေ့လာနေရတဲ့ ပုံစံမပေါက်ဘူး။ အရေး မပါတာတွေကိုလည်း ဝေ့၀ိုက်သင်မနေဘူး။ ခုမှစပြီး ပရိုဂရမ်းမင်းကို လေ့လာသူတွေ အတွက်  JavaScript နဲ့စပြီး ရင်းနှီးအောင် လုပ်ပေးတယ်။ အဓိက ကတော့ လေ့ကျင့်ခန်းတွေများများလုပ်၊ များများ သင်ယူတဲ့ စနစ်ပဲ။ ပထမဦးဆုံး သင်ခန်းစာနှစ်ခုကို ပြီးတာနဲ့ ကျန်သင်ခန်းစာတွေကိုပါ ဆက်ပြီး လေ့လာချင် လောက်အောင် ဖြစ်သွားလိမ့်မယ်။ အခမဲ့ဆိုတော့ ချက်ချင်းဝင်ပြီး စမ်းကြည့်လိုက်စေချင်တယ်။

W3Schools  http://www.w3schools.com/ Web developer တွေအတွက် အင်တာနက်မှာ အကြီးဆုံးလိုင်းတစ်ခုပါ။ Web developer မှာ အခြေခံ ရှိသူတွေကို ပိုပြီး တောက်ပြောင်သွားအောင် ပွတ်တိုက်ပေးနိုင်တယ်။ ကိုယ်ပိုင် website တစ်ခုဖြစ်အောင် ရေးချင်သူတွေအတွက် စမ်းသပ်နိုင်တဲ့နေရာ တစ်ခုလို့လည်း ဆိုနိုင်တယ်။
ဒီ site ထဲမှာ လေ့ကျင့်စရာ tutorial တွေ၊ ရည်ညွှန်းကိုးကားစရာတွေ အများကြီးထည့်ပေးထားတယ်။ အဲဒီအထဲမှာ HTML, CSS, XML, JavaScript, PHP, SQL စတဲ့ ပရိုဂရမ်းမင်း သင်ခန်းစာတွေ အများ ကြီးထည့်ထားတယ်။ ဒီလိုင်းက Code Year လို အခြေခံလောက်သင်တာမဟုတ်ဘူး။ အတိအကျ သင်ခန်းစာ တွေကို လေ့လာနိုင်အောင် ပြည့်စုံစွာ စီစဉ်ပေးထားတယ်။
        ဥပမာ HTML သင်ခန်းစာမှာ ဘာသာရပ်အလိုက် ကဏ္ဍတွေခွဲထားတယ်။ အခြေခံ ကစပြီး XHTML အဆင့်အထိ တက်သွားနိုင်တယ်။ ဘာသာရပ်တိုင်းအတွက် ရည်ညွှန်း reference တွေကို အပြည့် ပေးထားတာကြောင့် ဆက်ပြီးလေ့လာစရာ လမ်းကြောင်းတွေ ပွင့်သွားလိမ့်မယ်။ ကိုယ့်အနေအထားက ပရိုဂရမ်းမင်းမှာ ဘယ်လောက်အဆင့်ရှိနေမှန်း မသိရင်လည်း မပူပါနဲ့။ သူ့မှာပေးထားတဲ့ ပဟေဠိတွေကို ဖြေကြည့်လိုက်ပါ။ ကိုယ့်အဆင့်ကို သိသွားပါလိမ့်မယ်။
Coding language တွေကို လေ့လာသင်ယူမှုပြီးမြောက်သွားပြီဆိုရင် လက်မှတ်တစ်ခုရနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ စာမေးပွဲကြေးကိုသွင်းပြီး စာမေးပွဲဖြေရင် လက်မှတ်တစ်ခု ထုတ်ပေးတယ်။ စာမေးပွဲမှာ အနည်းဆုံး ၇၅ မှတ်တော့ ရအောင်ဖြေဖို့လိုတယ်။ ဖြေရမယ့် မေးခွန်းက ၇၀ ခုပါ။ မှားမှန်ရောထွေး အမှန်ရွေးရတဲ့ စနစ်နဲ့ ဖြေရမှာဖြစ်ပါတယ်။ အမှတ် ၉၅ ရာခိုင်နှုန်းနဲ့ အထက်ရရင် ထူးချွန်ဘွဲ့ (Excellency Degree) လက်မှတ်ထုတ်ပေးတယ်။

TED  http://www.ted.com/
 
Ted Talk ထဲဝင်ပြီးတော့ တစ်ခုခုလောက် မြည်းစမ်းကြည့်စေချင်ပါတယ်။ ဒီ site ထဲမှာ နည်းပညာ၊ ဖျော်ဖြေရေး၊ ဒီဇိုင်း သုံးမျိုးကို လေ့လာနိုင်မယ်။ ၁၉၈၄ ခုနှစ် လောက်က Macintosh ကွန်ပျူတာသရုပ်ပြပွဲ တောင်တွေ့နိုင်တယ်။ ဒီ site ရဲ့ ထူးခြားချက်တစ်ခုက ဆုရရှိသူတွေရဲ့ မိန့်ခွန်းစကား ပေါင်း ၁၁၁၄ ခုကို ထည့်သွင်းပေးထားတယ်။ အပတ်စဉ်လည်း အသစ်တွေ ထပ်ဖြည့်ပေးထားတယ်။ ဒီ အထဲက ဗီဒီယိုရိုက် ကွက်တွေက လိုင်စင်ယူထားတာတွေဖြစ်လို့  ရှယ်ယာပြန်လုပ်နိုင်သလို၊ တစ်နေရာရာကို ပြန်ပြီးတော့ ပို့လို့ လည်းရတယ်။
ဒီလိုင်းမှာ ဆွေးနွေးချက်တွေကို စိတ်ဝင်စားဖွယ်နားထောင်နိုင်တယ်။ နည်းပညာ၊ ဒီဇိုင်းပညာ၊ သိပ္ပံ၊ ယဉ်ကျေးမှုစတာတွေကို အနည်းဆုံး ၁၈ မိနစ်စာလောက် နားထောင်ပြီး ဗဟုသုတယူနိုင်တယ်။ Past Present ဆိုတဲ့ကဏ္ဍမှာ မိုက်ခရိုဆော့ဖ်က ဘေဂိတ်စ်၊ Google ကိုထူထောင်တဲ့ လာရီ ပိတ်ဂ်ျနဲ့ ဆာဂေး ဘရင်း၊ နိုဗယ်ဆုရသူတွေ၊ Amazon က ဂျက်ဖ် ဘီဇို့စ်၊ စတီဖင် ဟော့ကင်း၊ ဘီလ် ကလင်တန်နဲ့ ဂျိမ်း ဂွတ်ဒေါတို့ရဲ့ ပြောစကားတွေကိုလည်း စုဆောင်းပေးထားတယ်။

Massachusetts Institute of Technology  http://ocw.mit.edu/index.htm
 
တက္ကသိုလ်အဆင့် စာရေး၊ စာဖတ်စွမ်းရည်ကို မတန်တဆငွေပေးစရာ မလိုဘဲရရှိ လေ့လာနိုင်မယ့် site ဖြစ်ပါတယ်။ MIT တက္ကသိုလ်ကနေ ဘွဲ့ကြို၊ ဘွဲ့တန်းတွေအတွက် အွန်လိုင်း course တွေကို OpenCourseWare program အနေနဲ့ http://ocw.mit.edu/index.htm  မှာ အခမဲ့ တင်ပေးထားတယ်။ Course ပေါင်း ၂၀၀၀ ကျော်ရှိတယ်။ ဗိသုကာနှင့် ပုံဆွဲပညာ၊ အင်ဂျင်နီယာ၊ လူမှုရေးဘာသာ၊ ပန်းချီ၊ သိပ္ပံနဲ့ အခြားဘာသာရပ်အတော်များများကို လေ့လာနိုင်စရာ တင်ပေးထားတယ်။
        အွန်လိုင်းသင်တန်းတွေထဲမှာ စိတ်ဝင်စားစရာကောင်းတာက Introduction to Computer Science and Programming, Physics I: Classical Mechanics, Linear Algebra, Single Variable Calculus, and Introduction to C++ စတဲ့ သင်ခန်းစာတွေပဲ ဖြစ်တယ်။ အချို့အတန်းတွေဟာ အပြန်အလှန် သင်ကြားရေးပုံစံ web demo သရုပ်ပြ ဗီဒီယိုသင်ကြားမှုစနစ်တွေဖြစ်တယ်။ အဲဒီအထဲမှာ ပြဌာန်းထားတဲ့ စာအုပ်တွေ အားလုံးကို MIT က ပါမောက္ခတွေရေးသား ပြုစုထားတယ်။ ဒီ ပရိုဂရမ်က သင်ကြားတဲ့ lecture တွေရဲ့ မှတ်စုတွေ၊ ထပ်မံလေ့လာရန် အကြံပြုထားတဲ့ စာအုပ်စာရင်းတွေ၊ ဗီဒီယိုတွေကို ဆက်လေ့လာနိုင် အောင် စီစဉ်ပေးထားတယ်။
Open education ကို MIT တက္ကသိုလ် တစ်ခုတည်း လုပ်နေတာမဟုတ်ပါဘူး။ Rice တက္ကသိုလ်က Connexions (http://cnx.org/)  ၊ Michigan တက္ကသိုလ်က Open.Michigan  (http://open.umich.edu/) ၊ Tufts   တက္ကသိုလ်က Tufts OpenCourseWare (http://ocw.tufts.edu/) ၊ ဘာကလေမှာရှိတဲ့ California တက္ကသိုလ်က Webcast.berkeley (http://webcast.berkeley.edu/)  နဲ့ New York တက္ကသိုလ်က Open Education Pilot (http://www.nyu.edu/academics/open-education.html)  တွေမှာ လည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။

iTunes U  http://www.apple.com/education/itunes-u/what-is.html
 
         iTunes U ထဲမှာ တက္ကသိုလ်ပေါင်း ၈၀၀ ကျော်နဲ့ အခြားအဖွဲ့အစည်းတွေရဲ့ ဟောပြော ပို့ချချက်တွေကို စုဆောင်းတင်ပြထားပါတယ်။ စတန်းဖို့ဒ်၊ ယေးလ်နဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်တွေကပါသလို၊ MoMA, New York Public Library, Public Radio International နဲ့ PBS အသံလွှင့်ရုံက ဟောပြောပို့ချချက် တွေကိုပါရနိုင်တယ်။
ဒီ site မှာ အသံဖိုင်၊ ဗီဒီယိုဖိုင်နဲ့ ဟောပြောပို့ချချက်တွေအပြင် ဆလိုက်ရှိုး၊ PDF ဖိုင်၊ စာအုပ်၊ ရုပ်ရှင်၊ သရုပ်ပြ၊ အသံထွက် စာအုပ်တွေကိုလည်း ရယူနိုင်တယ်။
ဆရာတွေရဲ့ ဟောပြောပို့ချမှု အချိန်စာရင်း၊ သင်ရိုးမာတိကာ၊ ပို့ချချက်အကျဉ်း၊ သင်ယူမှုလမ်းညွှန်၊ မှတ်စုများ၊ မြေပုံတွေနဲ့ ပြဌာန်းစာအုပ်တစ်အုပ်လုံးကို PDF နဲ့ ePub format တွေနဲ့ရနိုင်တယ်။
တကယ်လို့ ကိုယ်က Apple ထုတ် iOS ကွန်ပျူတာနဲ့ ပစ္စည်းတွေကိုင်သူမဟုတ်ရင်လည်း စိတ်မပူပါနဲ့။ e-Reader တိုင်းမှာ အဲဒီဖိုင်တွေကို ဖတ်နိုင်ပါလိမ့်မယ်။

Khan Academy  http://www.pcmag.com/article2/0,2817, 2397123,00.asp 
 
Sal Khan  ဆိုသူဟာ ယခင်က ငွေကြေးရံပုံ ငွေဆန်းစစ်သူဘ၀ကနေ အကျိုးအမြတ်မယူတဲ့ Khan Academy ကို ထူထောင်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့ site မှာ အခမဲ့ ပညာရေးဗီဒီယိုပေါင်း ၂၇၀၀ ကျော် တင်ပေး ထားပြီး၊ သူကွယ်လွန်သွားချိန်အထိ ဒီလုပ်ငန်းကို ဆက်လုပ်သွားမယ်လို့ ဆိုထားတယ်။ ဗီဒီယို သင်ကြားပို့ချမှု ထောင်ပေါင်းများစွာကို တင်ပေးနေတယ်။ ဘာသာရပ်တိုင်းကို လေ့လာနိုင်အောင် ကြိုးစားနေတယ်။ လက်ရှိ အမေရိကန်မူလတန်းအဆင့်  သင်္ချာကနေ သိပ္ပံဘာသာတွဲတွေဖြစ်တဲ့ ဇီဝဗေဒ၊ ဓာတုဗေဒ၊ နက္ခတ္တဗေဒ၊ စကြ၀ဠာ၊ ရှုပဗေဒဘာသာရပ်တွေကို တင်ထားတယ်။  သမိုင်းဘာသာရပ်ကို လည်း smarthistory (http://smarthistory.khanacademy.org/) နဲ့ပေါင်းပြီး သမိုင်းဆိုင်ရာဗီဒီယိုတွေကို စာကြည့်တိုက်တွေအတွက် စီစဉ်ပေးနေတယ်။  အကြောင်းအရာတွေကို ၁၀ မိနစ်ကနေ မိနစ် ၂၀ စာလောက်လေးတွေ စီစဉ်ပေးထားတယ်။ လေ့ကျင့်ခန်းတွေ၊ အကဲဖြတ်မှုတွေကိုလည်း စီစဉ်ထားတယ်။ သူ့ဗီဒီယို ဟောပြောပို့ချမှုတွေက စကားပြောဆွေးနွေး ချက်ပုံစံနဲ့ဖြစ်ပြီး သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေကို အမြင်သစ်၊ အသွင်သစ်နဲ့ လေ့လာတင်ပြထားတာတွေဖြစ်လို့ စိတ်ဝင်စားစရာကောင်းတယ်။

Peer 2 Peer University  http://p2pu.org/en/
 
P2PU လို့ လူသိများတဲ့ ဒီ site ကို အခြေခံ လေ့လာစရာ open education ပရောဂျက် အနေနဲ့ လုပ်ဆောင် နေကြတာဖြစ်တယ်။ အစဉ်အလာ အဆင့်မြင့်ပညာရေးလမ်းဟောင်းမှသည် ဘ၀တစ်သက်တာပညာရေး သို့ဆိုတဲ့ အစီအစဉ်နဲ့ လှုပ်ရှားနေကြတာဖြစ်တယ်။
P2PU က အင်တာနက်ကနေ ပညာရေးဆိုင်ရာ သင်ထောက်ကူတွေကို အခမဲ့ ပေးနေပါတယ်။ Course တွေကိုတော့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊  စေတနာ့ဝန် ထမ်းဆရာတွေကနေ ပို့ချပေး တယ်။ ကျောင်းသားတွေက အွန်လိုင်းက တစ်ဆင့်လေ့လာပြီးတော့ ကိုယ်ရရှိတဲ့ လေ့လာမှုတွေကို ပြန်ပြီး တုံ့ပြန်ချက်ပေးရတယ်။ သင်ယူမှုကို အုပ်စုလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ရယူတုံ့ပြန်ဆွေးနွေးနိုင်တယ်။ သင်ခန်းစာတွေ ကလည်း Python programming ကနေ၊ ပုံဆွဲနည်းတွေအထိ ပြဌာန်းပေးထားတယ်။

University of the People  http://www.uopeople.org/
 ကုလသမဂ္ဂအစီအစဉ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးမှုအစီအစဉ်နဲ့ ပူးပေါင်းထားတယ်။ University of the People မှာ Clinton Global Initiative, Yale Law School Information Society Project တွေလည်းပါဝင်ပြီး၊ ကမ္ဘာ့ပထမဆုံး အခကြေးငွေလွတ်၊ NGO အွန်လိုင်းပညာရေးတက္ကသိုလ်အဖြစ် ရပ်တည်နိုင်ခဲ့တယ်။
ရည်ရွယ်ချက်က ကမ္ဘာ့ပြည်သူတွေ ပညာအရည်အသွေးမြင့်မားရေးအတွက်ပါ။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ တွေက ပြည်သူတွေကို အဓိကထားတယ်။
       UofPeople ဟာ ဒီမိုကရေစီအဆင့်မြင့် ပညာရေးကို တက္ကသိုလ်အဆင့်အထိ ဖော် ဆောင်ပေးနိုင်ရေး ကိုလည်း ဦးတည်ထားတယ်။ အမှန်တော့ ဒီတက္ကသိုလ်က တရားဝင်ဖွဲ့စည်းထူထောင်ထားတာ မရှိပေမယ့် ၂၀၀၉ ခုနှစ်ကတည်းက ထူထောင်ထားပြီး နိုင်ငံပေါင်း ၁၂၅ နိုင်ငံက၊ အသက် ၁၈ နှစ်မှ ၇၂ နှစ်အတွင်း ကျောင်းသားပေါင်း ၁၃၀၀ ကျော်ကို  လက်ခံသင်ကြားပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီအွန်လိုင်းတက္ကသိုလ်မှာ ဘွဲ့ကြိုကျောင်းသားတွေအတွက် ပရိုဂရမ် လေးခု စီစဉ်ပေးထားတယ်။ အဲဒီဘွဲ့လေးခု ကတော့ Business Administration (A.S., B.S.)  နဲ့ Computer Science (A.S., B.S.) တွေပဲဖြစ်တယ်။
UofPeople မှာတက်ချင်ရင် ကျောင်းသားတွေဟာ လျှောက်လွှာတင်ရတယ်။ အနိမ့်ဆုံး အခြေခံပညာ အထက်တန်းအဆင့် အောင်မြင်ပြီးသူတွေဖြစ်ရမယ်။ အသက် ၁၈ နှစ်နဲ့ အထက်ဖြစ်ရမယ်။ အင်္ဂလိပ်စာ ကျွမ်းကျင်ရမယ်။
         အခမဲ့ဆိုပေမယ့် လျှောက်လွှာတင်ရင် ၁၀ ဒေါ်လာကနေ ၅၀ ဒေါ်လာအထိ တစ်ကြိမ်၊ စာမေးပွဲကြေးကို ၁၀ ဒေါ်လာကနေ ဒေါ်လာ ၁၀၀ အထိတစ်ကြိမ် ပေးသွင်းကြရတယ်။ အခကြေးငွေဟာ နေထိုင်တဲ့နိုင်ငံ အပေါ်မူတည်ပြီး ကွာခြားတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပိုပြီးသက်သာတယ်။

Academic Earth  http:/academicearth.org/

အွန်လိုင်း ဗီဒီယိုပညာရေး site တစ်ခုဖြစ်ပါတယ်။ ယေးလ်၊ ဟားဗတ်၊ စတန်းဖို့ဒ်၊ ပရင့်စ် တန်၊ ယူစီ ဘာကလေနဲ့ MIT တက္ကသိုလ်တွေက ဟောပြောပို့ချချက်တွေကို ရယူနိုင်အောင်စီစဉ်ပေးထားတယ်။
ဗီဒီယိုဟောပြောပို့ချချက်ပေါင်း ၁၅၀၀ ကျော်တင်ထားပေးတယ်။ နေ့စဉ်လည်း အသစ်တွေကို တင်ပေးနေ တယ်။ အနုပညာ၊ ဗိသုကာ၊ နက္ခတ္တဗေဒ၊ ဇီဝဗေဒ၊ စီးပွားရေး၊ ကွန်ပျူတာသိပ္ပံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိတ်ပညာ၊ မီဒီယာလေ့လာမှု၊ ဥပဒေဘာသာရပ်တွေကို လေ့လာသင်ယူနိုင်မယ်။
       ဗီဒီယိုပို့ချချက်တွေဟာ အဆင့်မြင့်တယ်။ B အဆင့်လောက်ကစပြီး ကျောင်းသားရဲ့ လိုအပ်ချက်အရ အဆင့်မြင့်သွားလိမ့်မယ်။ သမိုင်းကို ခရီးသွားရင်း ကားပေါ်၊ ရထားပေါ်မှာ လေ့လာသွားနိုင်တယ်။ ဒီလိုင်းကို ၀င်ချင်ရင် QuickTime application ကိုတင်ထားရတယ်။ ဒါမှ အင်တာနက်နဲ့ မဆက်သွယ်ချိန်မှာ download ယူထားတဲ့ သင်ခန်းစာတွေကို ပြန်ပြီး လေ့လာနိုင်လိမ့်မယ်။

CK-12 http://www.ck12.org/flexbook
 
ရည်ရွယ်ထားတာက မူကြိုအဆင့်ကနေ ၁၂ တန်းအထိပါ။ NGO အနေနဲ့ လုပ်ထားတာ။  ရည်ရွယ်ချက်က ဖတ်စာအုပ်တွေကို မ၀ယ်ရအောင်လို့ပါ။ ဒါကြောင့် ဖတ်စာအုပ်တွေကို Web-base ဖတ်စာအုပ် တွေဖြစ်အောင် အားလုံးကို ဒစ်ဂျစ်တယ်စနစ်ပြောင်းပြီး အွန်လိုင်းမှာတင်ပေးထားတယ်။ အဲဒီစနစ်ကို  FlexBooks လို့ခေါ်ပြီး အွန်လိုင်းမှာ အခမဲ့ တင်ပေးထားတယ်။
       အစီအစဉ်က ကျောင်းသုံးစာအုပ်တွေကို အခမဲ့ရရှိရေးဖြစ်သလို၊ လေ့ကျင့်ရေးအတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေတယ်။ SAT, CK-12 တွေကိုလေ့လာနိုင်ပြီး SAT စာမေးပွဲအတွက်ပါ အခမဲ့ပြင်ဆင်နိုင်တယ်။ SAT စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်ရတာ ဈေးကြီးတယ်။ ဒီ site ကြောင့် ဒေါ်လာ ရာနဲ့ ချီပြီး သက်သာနိုင်တယ်။
       သူတို့နိုင်ငံတွေမှာ ကျောင်းသုံးဖတ်စာအုပ်တွေကို အမြဲ update ဖြစ်အောင်လုပ်ပြီး ထပ်ထုတ်တတ်တယ်။ ဆရာတွေအတွက်လည်း ဒီ site ကြောင့် စာအုပ်ဖိုးသက်သာစွာနဲ့ လေ့လာနိုင်တယ်။ ဥပမာ ပလူဆိုဂြိုဟ်ကို  ဂြိုဟ်ကြီးကိုးလုံးကနေ အဆင့်နှိမ့်လိုက်တုန်းက ကျောင်းသုံးပြဌာန်းချက်တွေကို ပြန်ပြင်ရတယ်။ အဲဒီ အဆင့်မြှင့်တာ တစ်ခုတည်းနဲ့ ကျောင်းသုံးစာအုပ်ပြန်ထုတ်တာတွေကို ၀ယ်ရရင် ပိုက်ဆံတွေအများကြီး ထပ်ကုန်တယ်။ အွန်လိုင်း  FlexBooks ကြောင့် အခမဲ့ရယူလေ့လာနိုင်တယ်။
တင်ညွန့်

http://mtlagtigroup.blogspot.com/2012/02/blog-post_07.html#more
တွင်လည်း လေ့လာဖတ်ရှု့နိုင်ပါသည်။



 
မှ တင်ပေးထားသော Learning E-books များသည် စိတ်ကြိုက်လေ့လာနိုင်သော ဖန်တီးပေးသူတို့၏ စိတ်စေတနာကောင်းများပင် ဖြစ်ပါသည်။ 
http://forum.myanmar-technicians.org/index.php/topic,4599.msg22299.html#msg22299 



No comments:

Post a Comment