Tuesday, 21 February 2012

“မည်သူနိုင်နိုင် တရားသဖြင့် အနိုင်ယူပါ”


       ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီစနစ်ရဲ့ ကြန်အင်လက္ခဏာတစ်ရပ် ဖြစ်ပေမယ့် ရွေးကောက်ပွဲတွေ လုပ်ပေးတယ်ဆိုတဲ့အချက် တစ်ချက်တည်းကိုကြည့်ပြီး အဲဒီနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် သတ်မှတ်လို့ မရနိုင်ဘူးဆိုတာလောက်ကိုတော့ အခုအချိန်မှာ ကမ္ဘာ့ပြည်သူ အများစုကြီးက သိနေကြပြီဖြစ်တယ်ဗျ။
ဘာကြောင့်လဲဆိုတော့ ဒီကနေ့ခေတ်သစ် ကမ္ဘာမှာ ရွေးကောက်ပွဲတွေဟာ ပြည်သူလူထုအများစု ကြီးရဲ့ ဆန္ဒကို အရာကိစ္စအားလုံးရဲ့ ထိပ်ဆုံးမှာထားတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ရဲ့ အင်္ဂါရပ်တစ်ခု ဖြစ်တယ်ဆိုတဲ့အချက်က သိပ်ကို ကြီးစိုးလွှမ်းမိုးတွင်ကျယ်နေပြီဖြစ်တာမို့ စစ်အင်အားအသုံးပြုပြီး အာဏာရလာသူတွေကတောင် အများအမြင်ကောင်းစေဖို့ပဲဖြစ်ဖြစ် ရွေး ကောက်ပွဲတွေကို မဖြစ်မနေ ကျင်းပပေးခဲ့ကြရတာကို ကမ္ဘာ့သမိုင်းမှာ မြင်တွေ့ခဲ့ကြရတာကြောင့် ဖြစ်တယ်ဗျ။

လူ့အခွင့်အရေးကြေညာစာတမ်း
      ဒါကြောင့်လည်း လွတ်လပ်မှု၊ လူ့အခွင့်အရးနဲ့ ဒီမိုကရေစီကို အင်မတန်မှ အလေးထားတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးက စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ထွန်းကားပြန့်ပွားရှင်သန်ရေးအတွက် ဘယ်လို ရွေးကောက်ပွဲမျိုးကသာ အထောက်အကူဖြစ်စေနိုင်တယ်ဆိုတဲ့အချက်ကို ထင်ရှားစေဖို့ သူ့ရဲ့“လောကလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း”မှာ “ပြည်သူတို့၏ ဆန္ဒကို အချိန်မှန်ကျင်းပသော လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်”လို့ တိကျရှင်းလင်းပြတ်သားစွာ ရေးသားဖော်ပြထားတာ ဖြစ်တယ်ဗျ။ “ရွေးကောက်ပွဲ”ဆိုတဲ့ စကားလုံးရဲ့ရှေ့မှာ “လွတ်လပ်ပြီး တရားမျှတသည့်”ဆိုတဲ့ နာမ၀ိသေသနထည့်ထားခြင်းက ဒီမိုကရေစီကို မယုံကြည်သူတွေက ရွေးကောက်ပွဲတွေကို အသုံးချပြီး မိမိပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို မလှည့်ဖြားနိုင်အောင် ကြိုတင်ဟန့်တားကာကွယ်ထားတာပဲ ဖြစ်တယ်ဗျ။

မဲဆွယ်ခွင့် စတင်တဲ့နေ့
      ကျွန်တော် အခု ဒီဆောင်းပါးကို ရေးနေတာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ဖြစ်တယ်ဗျာ။ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၈ နေရာအတွက် ပြုလုပ်ပေးမယ့် ကြားဖြတ်ရွေးကောက်ပွဲများကို လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပပေး မယ်လို့ ကြေညာထားတာကြောင့် ရှေ့က လုပ်ထုံးလုပ်နည်းတွေအရ အဲဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပါတီတွေ မဲဆွယ်စည်းရုံးမှု စတင်လုပ်ဆောင်ခွင့်ရှိတဲ့နေ့မှာ ကျွန်တော် ဒီဆောင်းပါးကို ရေးနေတာဖြစ်တယ်လို့ ဆိုလိုတာဖြစ်တယ်ဗျ။
စောင့်ကြည့်နေကြတယ်

        အားလုံးသိကြတဲ့အတိုင်း အခုလာမယ့် ရွေးကောက်ပွဲဟာ ကိုယ်စားလှယ်နေရာ မဖြစ်စလောက်လေးအတွက်သာ ပြုလုပ်မယ့် ရွေးကောက်ပွဲဖြစ်ပေမယ့် ၂၀၁၀ တုန်းက ရွေးကောက်ပွဲနဲ့ လားလားမှ မတူဘူးလို့ ဆိုရလောက်အောင် မြန်မာပြည်သူတစ်ရပ်လုံးက ရင်ခုန်လှုပ်ရှားတယ်။

       နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ လက်ရှိအစိုးရလက်ထက်မှာ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဆွေးနွေးပြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံရှေ့မှာ အတူတွဲဓာတ်ပုံအရိုက်ခံခဲ့ကြတာ၊ ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းလိုက်တာနဲ့ ထင်ရှားတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ သံဃာခေါင်းဆောင်တွေ အကုန်လုံးလိုလို ပြန်လည်လွတ်မြောက်လာကြတာတွေ အပါအ၀င် ပြည်တွင်းရော ပြည်ပပါ အံ့အားသင့်သွားခဲ့ကြရတဲ့ အဖြစ်အပျက် အများအပြားကို မြင်တွေ့ခဲ့ကြရတာကြောင့် အခု ကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာပြည်သူတစ်ရပ်လုံးနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အာရုံကို အခုလောက် အင်အားကြီးကြီးနဲ့ ညှို့ယူဖမ်းစားနေတာဖြစ်တယ်ဗျ။

       ဒီကနေ့ဆိုရင် ပါတီတွေ တရားဝင်မဲဆွယ်စည်းရုံးခွင့် စတင်ပြီမို့ မကြာမီရက်ပိုင်းတွေအတွင်း ပါတီတွေ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဘယ်လိုအပြိုင်အဆိုင် စည်းရုံးလှုပ်ရှားကြတယ်ဆိုတာကို ကျွန်တော်တို့ မြင်တွေ့ကြရတော့မှာ ဖြစ်တယ်ဗျ။ အထူးသဖြင့် ကိုယ်စားလှယ် နေရာလစ်လပ်တဲ့ မြို့နယ်တွေက ပြည်သူတွေဟာ ပါတီတွေရဲ့ ပြိုင်ဆိုင်မဲဆွယ်စည်းရုံးမှုတွေကို အနီးဆုံးနဲ့ အများဆုံး မျက်ဝါးထင်ထင် တွေ့မြင်ကြရတော့မှာ ဖြစ်တယ်ဗျာ။

တာဝန်အရှိဆုံး ၃ ဌာန
       လတ်တလော ကျွန်တော်တို့နိုင်ငံမှာ မြင်တွေ့ရစပြုနေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေဟာ အရှည်တည်တံ့ခိုင်မာစွာ တည်ရှိသွားမယ့် အရာတွေ ဟုတ်မဟုတ်ကို ပထမဆုံး စမ်းသပ်စစ်ဆေးမယ့်ပွဲဖြစ်တဲ့ အဲဒီရွေးကောက်ပွဲ လွတ်လပ်တရားမျှတရေးဟာ တစ်ဦးတစ်ယောက် တစ်ဖွဲ့ရဲ့ တာဝန်မဟုတ်။ ပြည်သူအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ အထူးသဖြင့် သီးခြားထုတ်နုတ်ရွေးချယ်ပြောဆိုရရင် ရွေးကောက်ပွဲကို ကြီးကြပ်ကျင်းပပြုလုပ်ပေးမယ့် ကော်မရှင် အဆင့်ဆင့်၊ ပါဝင်ယှဉ်ပြိုင်ပေမယ့် နိုင်ငံရးပါတီတွေနဲ့ ဆန္ဒမဲပေးကြမယ့် ပြည်သူတွေအားလုံးက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ပီပီပြင်ပြင်ဖြစ်အောင် ၀ိုင်းဝန်းလက်တွဲကြိုးပမ်းကြရမှာ ဖြစ်တယ်ဗျ။

       လက်ရှိမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြီးခဲ့တဲ့ရွေးကောက်ပွဲက ချွတ်ယွင်းချက်၊ အားနည်းချက်တွေကို ပြုပြင်ပြီး အခု ရွေးကောက်ပွဲကို အလွတ်လပ်ဆုံးနဲ့ တရားအမျှတဆုံးဖြစ်အောင် ကျင်းပပေးသွားမယ်လို့ ကတိပြုထားတယ်။ ပြည်သူတွေကလည်း မိမိတို့ အသည်းကြားက မဲတစ်ပြားကို သွားထည့်ဖြစ်အောင် ထည့်မယ်လို့ အားခဲထားကြတယ်။ ဒီအခြေအနေမှာ စောင့်ကြည့်ကြရမှာက တော့ ပါတီတွေ ဘယ်လို မဲဆွယ်စည်းရုံးကြမလဲဆိုတာပဲဗျ။

လာဘ်ထိုးမဲဆွယ်တဲ့အမှု
       မကြာသေးခင် လပိုင်းကပဲ ကျွန်တော် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါသေးတယ်။ အိန္ဒိယပြည်နယ်ရွေးကောက်ပွဲတစ်ခုမှာ ပါတီတစ်ခုက သူ အနိုင်ရရင် ပြည်နယ်အတွင်းက မူလတန်းကျောင်းသားတိုင်းကို လက်တော့ပ်ကွန်ပျူတာ တစ်လုံးစီ ရစေမယ်ဆိုတဲ့ ကတိနဲ့ ၀င်ပြိုင်တာ အနိုင်ရသွားလို့ အခြားပါတီတွေနဲ့ အပျော်တမ်းရွေးကောက်ပွဲ စောင့်ကြည့် အကဲခတ်အဖွဲ့တွေက ဒါဟာ မဲဆန္ဒရှင်တွေကို လာဘ်ထိုး စည်းရုံးတာဆိုပြီး တရားရုံးမှာ အမှုဖွင့်ထားတဲ့အကြောင်း ဆောင်းပါးဖြစ်တယ်ဗျ။
       ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတစ်ခုမှာလည်း ပါတီတစ်ခုက ကျေးလက်တောရွာနေ ဆင်းရဲသား လယ်သမားတွေကို ငွေနဲ့ မဲဆွယ်စည်းရုံးပြီး ရွေးကောက်ပွဲအနိုင်ရခဲ့ပေမယ့် နောက်ပိုင်းမှာ ပြဿနာတွေ တစ်ထွေးကြီးတက်ပြီး အဲဒီပါတီက ၀န်ကြီးချုပ်ဖြစ်လာသူ အခုအထိ ပြည်တော်မပြန်နိုင် ဖြစ်နေသေးတာ လည်း ရှိတယ်မဟုတ်လားဗျာ။

လမ်းတွေ ပြင်နေချိန်
         ကျွန်တော်တို့ဆီမှာလည်း ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ့် မြို့နယ်တချို့မှာ သုံးလေးနှစ်လောက် တစ်ပိုင်း တန်းလန်းနဲ့ ပစ်ထားခဲ့တဲ့ လမ်းတွေ အခုတလောမှ အားချင်းအပြီးသတ်နေတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်ဗျ။ အဲသလို အလောသုံးဆယ် လမ်းတွေပြင်နေတာ နဲ့ ရွေးကောက်ပွဲ ဆက်စပ်နေခြင်း ရှိမရှိ အခုလောလောဆယ်မှာ မသိရသေးပေမယ့် မကြာခင်သိလာရမှာပါလို့ အဲဒီမြို့နယ်တွေရဲ့ ဒေသခံ တွေ ပြောနေကြတယ်လို့ သိရတယ်ဗျ။ ဘာပဲဖြစ်ဖြစ် သူတို့နေလာခဲ့တဲ့ကာလတစ်လျှောက်လုံး ဖြစ်ချင်တိုင်းဖြစ်နေခဲ့တဲ့ လမ်းတွေ အခုတလော “ ဟောတစ်ခု ... ဟောတစ်ခု ” ကောင်းလာနေတာကိုကြည့်ပြီး ဒေသခံပြည်သူတွေ ပြုံးပျော်နေကြတယ်လို့ သိရတယ်ဗျ။ ကျွန်တော်တို့ နဲ့ အဝေးကြီးပေမယ့် အဲဒီမြို့နယ်တွေက ပြည်သူတွေ ပျော်တယ်ဆိုတော့ ကျွန်တော်တို့လည်း ပျော်ပါတယ်ဗျာ။ ဒါတောင် ဒီမိုကရေစီရဲ့ အစပဲရှိသေးတယ်ကွ-လို့ ကြုံးဝါးပြီး တစ်ဆက်တည်းမှာ ဒီမိုကရေစီ အခုလို ဖူးပွင့်ဝေဆာလာအောင် ပေးဆပ်မှုအမျိုးမျိုးနဲ့  ရုန်းကန်ကြိုးပမ်းခဲ့ကြ သူတွေကို ဦးညွတ်အလေးပြုမိတယ်ဗျ။

         အားလုံးသိကြတဲ့အတိုင်း ကျွန်တော်ဟာ နိုင်ငံရေးနောက်ခံ တစ်စုံတစ်ခု ရှိခဲ့သူဖြစ်ပါတယ်ဗျာ။ သို့ပေမယ့် အခုလက်ရှိမှာ ကျွန်တော်ဟာ အရာကိစ္စအားလုံး တရားမျှမျှတတဖြစ်ရေးကိုသာ နံပါတ်တစ် ဦးစားပေး အလေးထားပြီး မတရားတာ အမြင်မတော်တာတွေ့ရင် ကလောင်လက်နက်နဲ့ ဖော်ထုတ် ပေးဖို့တာဝန်ရှိတဲ့ စတုတ္ထမဏ္ဍိုင်လောကသားတစ်ယောက်အဖြစ် နှစ်မြှုပ် ရပ်တည်နေတာမို့ လာမယ့်ရွေးကောက်ပွဲမှာ မည်သည့်ပါတီပဲ နိုင်နိုင်၊ တရားနည်းလမ်းကျကျ မှန်မှန်ကန်ကန် ယှဉ်ပြိုင်ပြီး အနိုင်ရရှိလာတယ်ဆိုတဲ့ အသံသာလျှင် ပြည်သူများအဖို့ နားဝင်ပီယံအဖြစ်ဆုံးအသံ ဖြစ်လိမ့်မယ်၊ အဲသလို အသံမျိုးပဲ ကြားလိုပါတယ်လို့ ပြောချင်တယ်ဗျာ။
မောင်ဝံသ
၁၂-၀၂-၂၀၁၂
http://www.facebook.com/notes/maung-wuntha/%E1%80%99%E1%80%8A%E1%80%B9%E1%80%9E%E1%80%B0%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9-%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%9E%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7-%E1%80%A1%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9A%E1%80%B0%E1%80%95%E1%80%AB-%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9%E1%81%80%E1%80%B6%E1%80%9E/234063653353555 မှ ကော်ပီကူးယူထားပါသည်။

No comments:

Post a Comment